World Pneumonia Day 2022
Author- Wint
ယနေ့ နိုဝင်ဘာလ(၁၂)ရက်နေ့သည် ကမ္ဘာ့အဆုတ်ရောင်ရောဂါနေ့ဖြစ်ပါသည်။
အဆုတ်ရောင်ရောဂါသည်အသက်ရှုလမ်းကြောင်းမှတစ်ဆင့်ဝင်ရောက်လာသောဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုး၊မှိုရောဂါပိုးနှင့်မသန့်ရှင်းသောလေတို့ကြောင့်အဆုတ်အတွင်းရှိလေအိတ်ငယ်များရောင်ရမ်းခြင်းတို့ကြောင့်ဖြစ်ပြီးသာမန်အဆုတ်ရောင်အခြေအနေမှပြင်းထန်သောရောဂါအခြေအနေသို့ရောက်ရှိကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်ပေါ်စေနိုင်ပါသည်။
Pneumoniaရောဂါသည်လူတိုင်းတွင်ဖြစ်ပွါးနိုင်သော်လည်းအသက်၅နှစ်အောက်ကလေးများ၊
၆၅နှစ်အထက်လူကြီးများ၊ ခုခံအားနည်းသူများ၊ ဆေးလိပ်သောက်သူများ၊ ပန်းနာရင်ကြပ်ရောဂါရှိသူများတွင်ဖြစ်ပွါးနိုင်ချေများပြီးရောဂါပြင်းထန်ကြောင်းတွေ့ရှိရပါသည်။
ကမ္ဘာတစ်ဝှမ်းလုံးအနေနှင့်လည်းအသက်ငါးနှစ်အောက်ကလေးများတွင်အဆုတ်ရောင်ရောဂါဖြစ်နှုန်းများပြီးသေဆုံးနှုန်းလည်းများပါသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှလည်းတစ်ကမ္ဘာလုံးရှိ ငါးနှစ်အောက်ကလေးသေဆုံးနှုန်းစုစုပေါင်းရဲ့၁၅ရာခိုင်နှုန်းကအဆုတ်ရောင်ရောဂါကြောင့် သေဆုံးသည်ဟုတွေ့ရှိရပါသည်။
Pneumonia ရောဂါလက္ခဏာများ
- ချောင်းဆိုးခြင်း
- ဖျားနာခြင်း
- အသက်ရှုရခက်ခဲခြင်း
- ရင်ဘတ်အောင့်ခြင်း
- ပင်ပန်းနွမ်းလျခြင်း
- ပျို့အန်ခြင်းစသည်ဖြင့် ဖြစ်ပေါ်စေနိုင်ပါသည်။
ကလေးငယ်များတွင်အသက်ရှုနှုန်းမြန်ခြင်း၊အသက်ရှုလျှင်ရင်ဘတ်ချိုင့်ဝင်ခြင်း၊နို့မစို့နိုင်ခြင်းစသည်ဖြင့် ရောဂါလက္ခဏာများ တွေ့ရတတ်ပါသည်။
နောက်ဆက်တွဲဆိုးကျိုးများအနေနှင့်လည်း အဆုတ်ပြည်တည်ခြင်း၊ဘက်တီးရီးယားပိုးများ တစ်ကိုယ်လုံးသို့ပျံ့နှံ့သွားပြီးသွေးဆိပ်တက်ခြင်း၊အဆုတ်အမြှေးပါးကြားရေခိုအောင်းခြင်း၊ အသက်ရှုရခက်ခဲခြင်း၊Oxygenကျခြင်းတို့ဖြစ်ပေါ်စေနိုင်ပါသည်။
Pneumoniaအဆုတ်ရောင်ရောဂါသည်ကြိုတင်ကာကွယ်နိုင်ပြီးကုသ၍ရသောရောဂါတစ်ခုဖြစ်ပါသည်။ထို့ကြောင့်ရောဂါမဖြစ်ပွါးအောင်ကာကွယ်ရန်နည်းလမ်းများကိုသိရှိထားပြီးဖြစ်ပွါးပါကလဲ ဆေးရုံ၊ဆေးခန်းသို့သွားရောက်၍ စနစ်တကျကုသမှုခံယူရန် အရေးကြီးပါသည်။
Pneumonia ရောဂါကာကွယ်ရန်နည်းလမ်းများ
- ဆေးလိပ်သောက်သုံးခြင်းနှင့် မီးခိုးငွေ့တို့ကို ရှောင်ကြဉ်ပါ။
- မိမိနေအိမ်ကို လေကောင်းလေသန့်ရရှိအောင် ပြုလုပ်ပါ။
- ထင်းမီးခိုးငွေ့၊ခြင်ဆေးခွေ၊အမွှေးတိုင်စသည့်အငွေ့များကိုရှောင်ကြဉ်ပါ။
- လက်ကိုအမြဲ ဆေးကြောသန့်စင်ပါ။
- လူဦးရေထူထပ်သည့်နေရာများသို့သွားလျှင် Maskတပ်ပါ။
- တုပ်ကွေးရောဂါကာကွယ်ဆေးများကိုနှစ်စဉ်ထိုးနှံပါ။
- အဆုတ်ယောင်နမိုးနီးယားရောဂါကာကွယ်ဆေးထိုးနှံပါ။
- ကလေးများကို၂လ၊၄လ၊၆လတွင်ပုံမှန်ကာကွယ်ဆေးအပြည့်အဝထိုးနှံပါ။အသက်၆လ ပြည့်သည့်အထိမိခင်နို့တစ်မျိုးထဲသာ တိုက်ပါ။
- လေ့ကျင့်ခန်းလုပ်ပါ။အိပ်စက်အနားယူပါ။
- ကျန်းမာရေးနှင့် ညီညွတ်အောင် အာဟာရပြည့်ဝစွာ စားသုံးပါ။
အဆုတ်ရောင်ရောဂါ(Pneumonia)သည်Covid19ရောဂါပိုးကြောင့်လည်းဖြစ်ပွါးစေနိုင်၍ ရောဂါပြင်းထန်မှုကိုပိုမိုမြင့်တက်စေနိုင်ပြီးအသက်ဆုံးရှုံးသည်အထိဖြစ်ပေါ်စေနိုင်ပါသည်။
သို့ဖြစ်ပါ၍Pneumoniaရောဂါမဖြစ်ပွါးစေရန်ကာကွယ်ရေးနည်းလမ်းများအတိုင်း အထူးသတိပြုဆင်ခြင်နေထိုင်သင့်ပါသည်။ထို့အပြင်Covid-19 ရောဂါမဖြစ်ပွါးရန် စည်းကမ်းချက်များနှင့်အညီလိုက်နာနေထိုင်ရန်လည်းအရေးကြီးပါသည်။
ရွှေလမင်းဆေးရုံမှPneumoniaနှင့်ပတ်သက်သည့်ကျန်းမာရေးဗဟုသုတများကို မေတ္တာဖြင့်မျှဝေပေးခြင်းဖြစ်ပါသည်။
လူကြီးမင်းအပေါင်းတို့အားရောဂါဘယကင်းဝေးပြီးကျန်းမာပျော်ရွှင်သာယာဖွယ်ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ရွှေလမင်းဆေးရုံမှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်ရှင့်။
#shwelaminhospital
#World_Pneumonia_Day