Covid-19 ရောဂါအကြောင်း သိကောင်းစရာများ

Author- Wint

Covid-19 ရောဂါသည် လက်ရှိတွင် ကမ္ဘာတစ်ဝန်းလုံးဖြစ်ပွါးလျက်ရှိသော ကူးစက်မြန်သည့် ကပ်ရောဂါဆိုးကြီးတစ်ခုဖြစ်ပါသည်။ ယခုအခါတွင် ကမ္ဘာပေါ်ရှိCovid ဖြစ်ပွါးသူလူဦးရေ စုစုပေါင်း 601 million ကျော်နှင့် သေဆုံးသူစုစုပေါင်း 6.4 million ကျော် ထိရှိပါသည်။အလားတူ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်ဓာတ်ခွဲ အတည်ပြုလူနာစုစုပေါင်း၆သိန်းကျော်နှင့်သေဆုံးသူလူဦးရေပေါင်း ၁သောင်း၉ထောင်ကျော်ထိရှိနေကြောင်း ယနေ့နောက်ဆုံးရသတင်းအချက်အလက်များအရ သိရှိရပါသည်။

Covid-19 ရောဂါပိုးသည် SARS-COV-2 ဟုခေါ်သော ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ယနေ့အချိန်ထိ မျိုးကွဲပေါင်းများစွာပြောင်းလဲတည်ရှိနေပါသည်။Alpha, Beta, Gamma, Delta နှင့် ယခုနောက်ဆုံးတွေ့ရှိရသည်မှာ Omicron မျိုးကွဲဖြစ်ပါသည်။

Omicron ပိုး၏မျိုးကွဲစိတ်များဖြစ်သောBA.4 နှင့် BA.5 မှာလည်း အခြားသော Omicron မျိုးကွဲများထက် ကူးစက်လွယ်ပြီး ယခုလက်ရှိကမ္ဘာ့နိုင်ငံအတော်များများတွင်လည်းဖြစ်ပွါးလျက်ရှိသည်ကို တွေ့ရှိရပါသည်။ BA.5 ၏ကူးစက်မှုနှုန်းသည် BA.4 ထက် ပိုမိုမြန်ဆန်ပြီး ရောဂါဖြစ်ပွါးသူများ၏ ၆၅% သည် BA.5 ကူးစက်ခံရပြီး ၁၇%မှာ BA.4 ဖြစ်ပွါးလျက်ရှိပါသည်။

မြန်မာနိုင်ငံတွင်လည်း BA.4, BA.5 များအပြင်BA.2.75 နှင့် BA.2.76 မျိုးကွဲများကိုလည်းတွေ့ရှိနေရပြီဖြစ်ပါသည်။ယခုတွေ့ရှိရသည့်ရောဂါလက္ခဏာများမှာလည်း ယခင်Covidမျိုးကွဲလက္ခဏာများနှင့်ကွာခြားမှုမရှိခြင်းကိုတွေ့ရှိရပါသည်။

Covid-19 ရောဂါလက္ခဏာများ

• ချောင်းဆိုးခြင်း၊နှာရည်ယိုခြင်း
• ဖျားနာခြင်း
• ပင်ပန်းနွမ်းနယ်ခြင်း၊ကြွက်သားနာကျင်ခြင်း
• လည်ချောင်းနာခြင်း
• ခေါင်းကိုက်ခြင်းစသည်ဖြင့် ရောဂါလက္ခဏာများခံစားရနိုင်ပါသည်။

ကိုဗစ်ရောဂါကူးစက်ခံရသူများတွင် အချို့သူများ၌ရောဂါဝေဒနာအတော်အသင့်သာ ခံစားကြရသော်လည်း ရောဂါအခံရှိသူများ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားကျဆင်းနေသည့်သူများအနေဖြင့် ပြင်းထန်သောရောဂါဝေဒနာကို ခံစားရလေ့ရှိကြပါသည်။

အထက်ပါကိုဗစ်-၁၉ ရောဂါလက္ခဏာများရှိသည်ဟု မိမိကိုယ်ကို သံသယရှိပါက တခြားသူများထံ မကူးစက်အောင်ကာကွယ်ရန်နှင့်  သက်ဆိုင်ရာ ဆေးရုံ၊ဆေးခန်းများသို့ သွားရောက်စစ်ဆေးကုသ အသိပေးရန် အရေးကြီးပါသည်။

Covid-19 ရောဂါ ကာကွယ်ခြင်း

Covid-19 ရောဂါပိုးကိုတားဆီးရန် ဗိုင်းရပ်စ်နှင့် ထိတွေ့နိုင်ချေရှိသည့် အရာများကို ကာကွယ်နိုင်ရန်

• နှာချေ၊ချောင်းဆိုးပြီးသည့်အခါတိုင်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်အောင် စက္ကန့်၂၀ကြာအောင် ဆေးပါ
• အရက်ပြန်အနည်းဆုံး ၆၀%ပါဝင်သော လက်သန့်ဆေးရည်ကိုအသုံးပြုပါ
• နှာချေ ချောင်းဆိုးပါက တံတောင်ဆစ်(သို့)တစ်ရှူးဖြင့် အုပ်ပါ
• Maskများကို စနစ်တကျတပ်ဆင်ပါ
• အခြားသူများနှင့် အနီးကပ်ထိတွေ့မှုကို ရှောင်ကြဉ်ပြီး အနည်းဆုံး၆ပေခွါ၍နေပါ
• Covid ကာကွယ်ဆေးထိုးနှံပါ။ 
 
Covid-19 ရောဂါ သံသယရှိပါက ရိုးရိုးတုပ်ကွေးအအေးမိလက္ခဏာနှင့် Covid-19 လက္ခဏာအား ခွဲခြားသိရှိရန်စစ်ဆေးမှုများ ပြုလုပ်ရန်လိုအပ်ပါသည်။Rapid diagnostic test (RDT) ဟုခေါ်သော Antigen Test Kit နှင့်နှာခေါင်းတို့ဖတ်ယူပြီး မိမိစဖျားပြီး တစ်ရက်မှသုံးရက်အတွင်း ရောဂါပိုးရှိ/မရှိ အလွယ်တကူ စစ်ဆေးနိုင်ပါသည်။ပိုမိုတိကျစွာသိရှိနိုင်ရန် RT-PCR ဟုခေါ်သော test နှင့်လည်း ဓာတ်ခွဲခန်းသို့ပို့ပြီး စစ်ဆေးနိုင်ပါသည်။ Covid ရောဂါပိုးသည် မပြင်းထန်သောရောဂါ အခြေအနေမှလည်း ပြင်းထန်သော ဖျားနာခြင်းအောက်စီဂျင်ကျခြင်း၊သေဆုံးခြင်းတို့အထိ ဖြစ်ပေါ်စေနိုင်သောကြောင့် ရောဂါပြင်းထန်မှုနှုန်း ကျဆင်းစေရန် ကိုဗစ်ကာကွယ်ဆေးထိုးရန် လိုအပ်ပါသည်။အသက်အရွယ်ကြီးသူများ၊ရောဂါအခံရှိသူများ၊ ဆီးချိုသွေးတိုးရှိသူများအနေဖြင့်ကိုဗစ်ကာကွယ်ဆေးထိုးရန် ပိုမိုလိုအပ်ပါသည်။

ယခုအခါတွင် ကိုဗစ်ကာကွယ်ဆေးမျိုးစုံကို စျေးကွက်တွင် ရရှိနိုင်ပြီဖြစ်သဖြင့် မည်သည့်အမျိုးအစားကိုမဆို မထိုးတာထက်စာလျှင် Full Dose ထိုးထားရန်လိုအပ်ပါသည်။ Full dose ထိုးထားပြီးသူများအနေနှင့်လည်း Covid-19 ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ကို ထပ်မံထိုးနှံရန်လိုအပ်ပါသည်။Booster Dose ထိုးရခြင်း၏ရည်ရွယ်ချက်မှာ Covidကာကွယ်ဆေးထိုးပြီး ၆လကျော်သွားလျှင် Covid Antibody ဟုခေါ်သော ပဋိပစ္စည်းပမာဏမှာ ခန္ဓာကိုယ်တွင် ပြန်လည်ကျဆင်းတတ်ပါသည်။ထို့ကြောင့် နောက်ထပ်ဝင်လာမည့် ကိုဗစ်ရောဂါပိုး၏ဒဏ်ကို ခံနိုင်ရည်ရှိစေရန် Antibody ပမာဏကို ပြန်လည်မြင့်တက်အောင် booster dose ထပ်မံထိုးပေးရခြင်းဖြစ်ပါသည်။

ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ကို ပထမအကြိမ် ကာကွယ်ဆေးနှစ်လုံး (Full dose) ထိုးနှံပြီး ၃လ(သို့မဟုတ်)၆လ အကြာတွင် ထိုးနှံရမည်ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *