ရင်သားကင်ဆာ သိကောင်းစရာ

အောက်တိုဘာလဟာ ကမ္ဘာလုံးဆိုင်ရာ ရင်သားကင်ဆာ ကာကွယ်ကုသရေး  နဲ့ ရင်သားကင်ဆာ ပျောက်ကင်းရေး အတွက် အများဆုံးလှုပ်ရှားမှုပြုလုပ်ကြတဲ့လတစ်လဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ တတိယအပတ်ရဲ့ သောကြာနေ့မှာ ပြုလုပ်ကြလေ့ရှိပြီးတော့ National Mammography Day လို့လည်းခေါ်ဝေါ်ကြပါတယ်။ စစ်တမ်းများအရ  ၂၀၀၈ ခုနှစ် ကမ္ဘာတစ်ဝှမ်းမှာ ရင်သားကင်ဆာကြောင့် သေဆုံးရသူပေါင်း ၇.၆ % ရာခိုင်နှုန်းရှိခဲ့ပါတယ်။ နောက်ပိုင်း လေ့လာတွေ့ရှိချက်များအရ ရင်သားကင်ဆာဟာ အမျိုးသမီးများတွင်သာမက အမျိုးသားများမှာပါ ဖြစ်ပွားလာတာဖြစ်တဲ့အတွက် ကျန်းမာရေးအရလုံးဝကို မပေါ့ဆသင့်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ 

ရင်သားကင်ဆာဆိုတာ ဘာလဲ? 

ရင်သားကင်ဆာဆိုတာ ရင်သားမှာရှိတဲ့ဆဲလ်တွေ ပျံ့ပွားမှုကို မထိန်းချုပ်နိုင်ဘဲ ပွားများလာတဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ရင်သားရဲ့ ဘယ်နေရာမှာမဆို ရောဂါဖြစ်ပေါ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားစေတဲ့ ဆဲလ်အုပ်စုဟာကြီးထွားလာပြီး အခြားရင်သားအတွင်း ပုံမှန်ဆဲလ်များကို တိုက်ခိုက်တဲ့အခါမှာ ရင်သားကင်ဆာ ဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။ ထိုဆဲလ်များဟာ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများကိုလည်း ထိခိုက်စေနိုင်ပြီး အခြားမလိုလားအပ်တဲ့ ကင်ဆာရောဂါများကိုပါ ဖြစ်ပွားနိုင်တာကြောင့် အချိန်တိုင်း သတိထားစစ်ဆေးနေသင့်တဲ့ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ 

ရင်သားကင်ဆာကို ဖြစ်ပေါ်နိုင်တဲ့ အချက်များကတော့ အဝလွန်ခြင်း၊ အသီးအနှံစားသုံးမှုနည်းပါးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ဆေးလိပ်သောက်သုံးခြင်း၊ အရက်သောက်သုံးခြင်း အစရှိသည်တို့ကြောင့်ပဲဖြစ်ပါတယ်။ အမျိုးသမီးများမှာ အများဆုံးဖြစ်ပွားနိုင်ပြီးတော့ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်ပွားတတ်ပါတယ်။ 

ရင်သားကင်ဆာ၏ လက္ခဏာများ

  • ရင်သားကင်ဆာ၏ ရှေ့ပြေးလက္ခဏာများကို အောက်ပါအတိုင်းမြင်တွေ့နိုင်ပါတယ်
  • လက်မောင်းအတွင်းဘက် (ဂျိုင်း) တွင် အကြိတ်များထွက်လာခြင်း
  • ရင်သားတစ်ဝိုက် အသားများ ထူလာခြင်း၊ နာလာခြင်း
  • ရင်သား၏ အရေပြားများပေါ်တွင် အစက်အပျောက်များထွက်လာခြင်း၊ အရောင်ပြောင်းလဲလာခြင်း 
  • နို့သီးခေါင်းတစ်ဝိုက် (သို့) ရင်သားအရေပြားများ နီရဲလာခြင်း
  • နို့သီးခေါင်းတစ်ဝိုက် နာကျင်ခြင်း 

ရင်သားကင်ဆာ၏ ရှေ့ပြေးလက္ခဏာများထဲမှ တစ်ခုခုကို ခံစားသိရှိရသည်နှင့် တပြိုင်နက် အချိန်မဆွဲသင့်ပဲ နီးစပ်ရာဆေးရုံ ဆေးခန်းသို့အမြန်ဆုံး သွားပြရမှာဖြစ်ပါတယ်။ 

ယနေ့ခေတ်မှာ ရင်သားကင်ဆာကို ကုသခြင်းနည်းလမ်းပေါင်းများစွာဖြင့် ကုသနိုင်ပါတယ်။ ၂၀ ရာစုအစောပိုင်းကပင် ရင်သားကင်ဆာကုထုံးများ နည်းလမ်းပေါင်းစုံတွေ့ရှိခဲ့ကြပြီး ဓာတ်ရောင်ခြည်ကုထုံး၊ အာထရာဆောင်းရိုက်သည့် ကုထုံး၊ MRT ကုထုံး၊ ဓာတ်ရောင်ခြည်ကင်သည့်ကုထုံး အစရှိသဖြင့် ကုထုံးများစွာဖြင့် ကုသလျက်ရှိသလို ကင်ဆာဝေဒနာဖြစ်ပေါ်နေသည့် ရင်သားကို လှီးဖြတ်ကုသခြင်းဖြင့်လည်း ထိထိရောက်ရောက် ကုသနိုင်ပါတယ်။

မည်သို့ပင် ကုသခြင်းနည်းလမ်းပေါင်းစုံရှိစေကာမူ ရောဂါမဖြစ်ပွားအောင် ကာကွယ်ခြင်းထက် သာလွန်ကောင်းမွန်သော ကုသခြင်းနည်းလမ်း မရှိနိုင်ဘူးဆိုတာကိုတော့ လက်ခံရမှာပဲဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *