World Hepatitis Day 2022

Author- Wint

ယနေ့ ဇူလိုင်လ ၂၈ရက်နေ့သည် ကမ္ဘာ့အသည်းရောင် အသားဝါရောဂါ ကာကွယ်ရေးနေ့ဖြစ်ပါသည်။

အသည်းရောင်အသားဝါရောဂါကို ပိုမိုသိရှိလာစေရန်နှင့်ကြိုတင်ကာကွယ်နိုင်ရန် အဓိကရည်ရွယ်ချက်ဖြင့် အသည်းရောင်အသားဝါနေ့ကို နှစ်စဉ်ကျင်းပလေ့ရှိပါသည်။

အသည်းသည် ဝမ်းဗိုက်၏ ညာဘက်အပေါ်နားတွင် တည်ရှိပြီး ခန္ဓာကိုယ်အတွက် အရေးကြီးသော အာဟာရများနှင့်အင်ဇိုင်းများထုတ်ပေးခြင်း၊ဓာတုအဆိပ်အတောက်များကိုဖယ်ရှားပေးခြင်း၊ အစာခြေစနစ်ကို ကူညီထောက်ပံ့ပေးခြင်း စသည့် များစွာသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နေသော အင်္ဂါတခုဖြစ်ပါသည်။ အသည်းရောင်ရမ်းပါက အသည်းရောင်အသားဝါရောဂါကို ဖြစ်ပေါ်စေနိုင်ပါသည်။

A, B, C, D, E ဟုခေါ်သော ဗိုင်းရပ်စ်ပိုးများကြောင့်အသည်းရောဂါဖြစ်စေနိုင်ပြီး ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေသော ဆေးဝါးများမှီဝဲခြင်း၊အရက်အလွံအကျွံ သောက်သုံးခြင်းများကြောင့်လည်း အသည်းကို ထိခိုက်စေနိုင်ပါသည်။

အသည်းရောင်အသားဝါရောဂါ၏ ကူးစက်နိုင်ပုံများ

• မသန့်ရှင်းသော အစားအစာနှင့် ရေများသောက်သုံးမိခြင်း
• BပိုးCပိုးရှိသော လူနာများထံမှ သွေးသွင်းမိခြင်း
• သွေးနှင့် ခန္ဓာကိုယ်မှထွက်သောအရည်များအား အကာအကွယ်မပါဘဲ တိုက်ရိုက်ထိတွေ့မိခြင်း
• တစ်ခါသုံးမဟုတ်သောဆေးထိုးအပ်များ အသုံးပြုခြင်း
• လိင်မှတစ်ဆင့်ကူးစက်ခြင်း

အသည်းရောင်အသားဝါ ရောဂါလက္ခဏာများ

• ဖျားခြင်း၊အစားအသောက်ပျက်ခြင်း
• ပင်ပန်းနွမ်းနယ်၍ နုံးချိခြင်း၊ကိုယ်လက် မအီမသာဖြစ်ခြင်း
• အသားဝါခြင်း၊မျက်လုံးဝါခြင်း၊ဆီးဝါခြင်း၊ဝမ်းမည်းခြင်း
• ပျို့အန်ခြင်း၊ဗိုက်နာခြင်း စသည့် လက္ခဏာများဖြစ်ပါသည်။

အသည်းရောင်အသားဝါရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ 

အသည်းရောင်အသားဝါရောဂါကို ထိရောက်စွာ မကုသပါက နာတာရှည် အသည်းရောင်ရောဂါ၊အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာအဆင့်ထိ ဖြစ်ပေါ်စေနိုင်ပါသည်။

အသည်းခြောက်ခြင်း၏ နောက်ဆက်တွဲ ဝေဒနာများအနေဖြင့် မျက်လုံးဝါခြင်း၊ရေဖျင်းဆွဲခြင်း၊သွေးကြောဖောင်းခြင်း၊သွေးအန်ခြင်း၊ဝမ်းမည်းမည်းသွားခြင်း၊ကျောက်ကပ်ပျက် စီးခြင်း တို့ကြောင့် အသက်အန္တရာယ်အတွက် အထူးသတိပြုသင့်ပါသည်။

အသည်းရောင်အသားဝါရောဂါမဖြစ်ပွါးစေဖို့ကာကွယ်ရန် နည်းလမ်းများ

အသည်းရောင်အသားဝါရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပိုးများအနက် Aပိုးနှင့် Bပိုးများအား ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါသည်။ B ပိုးရှိမရှိ စစ်ဆေးပြီးမှသာလျှင် ဘီပိုးကာကွယ်ဆေးကို သုံးကြိမ်တိတိ ထိုးနှံရပါမည်။

ပထမအကြိမ်ဆေးထိုးပြီး တစ်လကြာပါက ဒုတိယအကြိမ် ထိုးနှံရပါမည်။

ခြောက်လကြာပါက တတိယအကြိမ်မြောက် ထိုးနှံရပါမည်။

ကိုယ်ဝန်ဆောင်မိခင်တွင် Bပိုးရှိပါက ရင်သွေးမွေးဖွားပြီးပြီးချင်း ကလေးအား Bပိုး ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးပြီး Bပိုး ကိုယ်ခံအားဆေး (Hepatitis B Immunoglobulin)ကိုပါ ထိုးနှံပေးရမှာဖြစ်ပါသည်။ ယခုအခါ ပုံမှန်ကာကွယ်ဆေးအနေဖြင့် မွေးကင်းစ ကလေးငယ်များအား မွေးပြီးပြီးချင်းတွင် တစ်ကြိမ်၊အသက်(၂)လ၊(၄)လ နှင့် (၆)လ အကြာတွင် B ပိုးကာကွယ်ဆေးကိုထိုးနှံနေကြပြီဖြစ်ပါသည်။

ကာကွယ်ဆေးထိုးပြီးလျှင် ဆောင်ရွက်ရမည့် အချက်များ 

• ကာကွယ်ဆေးသုံးကြိမ်ထိုးပြီးပါက ၂ လ အကြာတွင် ကာကွယ်ဆေးအောင်မအောင် Anti HBs ဟုခေါ်သော ပဋိပစ္စည်းကိုသွေးထဲတွင် လုံလောက်သော ပမာဏရှိမရှိစစ်ဆေးရန် (သတ်မှတ်ထားသော ဆေးအောင်သည့် ပမာဏရှိမှသာလျှင် စိတ်ချရမည်ဖြစ်ပြီး ဆေးမအောင်ပါကအစက ပြန်ထိုးနှံရန်လိုအပ်ပါသည်)
• ဘီပိုးကာကွယ်ဆေးထိုးပြီး ဆေးအောင်ပါက စိတ်ချရသော်လည်း (၅)နှစ် တစ်ကြိမ် ထပ်မံ ထိုးနှံပေးရန်လဲ လိုအပ်ပါသည်။

အထက်ပါ အကြောင်းအရာများမှာ အသည်းရောင်အသားဝါရောဂါအကြောင်း သိရှိစေရန် အသိပညာမျှဝေပေးခြင်းဖြစ်ပါသည်။ လူကြီးမင်းတို့အနေဖြင့် အသည်းရောင်အသားဝါရောဂါကို မဖြစ်ပွါးခင် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွါးခဲ့ပါက အချိန်မီ ကုသမှုခံယူသင့်ကြောင်း နှိုးဆော်ရင်း ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ရွှေလမင်းဆေးရုံမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်